အင်္ဂလန်နိုင်ငံရှိ ဘောလုံးအကြောင်းရေးသားသူများအဖွဲ့(FWA) က မန်ယူ အသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အား ကွင်းတွင်းစွမ်းဆောင်ရည်နှင့် ကွင်းပြင်ပတွင် လူမှုရေးလုပ်ငန်းဆောင်ရွက်မှုများကြောင့် ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၇)ဂိုးနှင့် ပြိုင်ပွဲစုံတွင် (၁၄)ဂိုး သွင်းယူပေးထားပြီး မန်ယူအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ ရပ်တည်ရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်စွမ်းဆောင်ပေးထားသည်။

ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ပထမလှိုင်းဖြစ်ပွားစဉ်ကာလအတွင်း Fare-Share အစားအသောက်ရန်ပုံငွေအဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခဲ့သလို စာသင်ကျောင်းများ၌ ဆင်းရဲနွမ်းပါးသည့် ကလေးများအား အစားအစာ အခမဲ့ကျွေးမွေးသည့်အစီအစဉ်ကို နွေရာသီကျောင်းပိတ်ရက်ကာလအထိ ဆက်လက်ဆောင်ရွက်ရန် ဗြိတိန်အစိုးရအား တိုက်တွန်းလှုံ့ဆော်နိုင်ခဲ့သည်။ ထို့ကြောင့် FWA က ရပ်ရှ်ဖို့ဒ်အား ဂုဏ်ပြုဆုချီးမြှင့်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ခရီးအရှည်ကြီးရဲ့အစမှာပဲ ရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ ကယ်တင်ပေးနိုင်တဲ့အဆင့်မျိုး မရောက်သေးပါဘူး။ လုပ်စရာတွေ အများကြီးရှိနေသေးသလို နောက်ထပ်သွားရမယ့်ခြေလှမ်းတွေ အများကြီးရှိပါသေးတယ်။ အပြုသဘော ရှုထောင့်ကနေကြည့်ရင် ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်လျှောက်နိုင်ဖို့ အတွက် ခြေလှမ်းနည်းနည်း စတင်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့လုပ်ခဲ့တာတွေအတွက် ဝမ်းသာ ပျော်ရွှင်ရပါတယ်။ ဒါက ကလေးငယ်တွေရဲ့ နောက်လာမယ့်အခန်းကဏ္ဍတွေအတွက်ပါပဲ”ဟု ရပ်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် MBE(Member of the Most Excellent Order of the British Empire) ဂုဏ်ထူးဆောင်ဘွဲ့ရရှိထားသလို BBC သတင်းဌာနက Sports Personality of the Year ဆုချီးမြှင့်ပွဲတွင် ပေးအပ်သည့် အထူးဂုဏ်ပြုဆုနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ချီးမြှင့်သည့် FIFA ဖောင်ဒေးရှင်းဆုများလည်း ရရှိထားသည်။
မန်ယူအသင်း ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကလည်း ရပ်ရှ်ဖို့ဒ်၏ လုပ်ဆောင်မှုများအတွက် ဂုဏ်ပြုလိုကြောင်း၊ မန်ယူ အသင်းအတွက် အားထားရမည့်သူ ဖြစ်လာမည်ကို ကလေးဘဝကတည်းက မြင်တွေ့ခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။








